Monday, 19 January 2009

ဖြတ်သွားဖြတ်လာ သတိထားမိတယ်

တစ်နေ့တွေ့နိုးတွေ့နိုး
မြေပုံအတုနဲ့ ခရီးတစ်ခုသွားနေသူပါ
မြွေသေချင်သေ တုတ်ကျိုးချင်ကျိုး
ထိတွေ့မိသမျှ စမ်းသပ်ပစ်လိုက်ဖို့ ပေါ့ပါးချင်တယ် ။

ဘယ်သင်းကိုမဆို မီးစာရှိသလောက်

စိတ်လက်တစ်ဆစ်နဲ့ ခမ်းပစ်လိုက်ဖို့
ဒီလို သီချင်းတွေမှာ
အလေ့အကျင့် ရှိချင်တယ် ။

လက်အံသေသလိုတင်းထားရတဲ့
စိတ်က
အံသေနေခဲ့
ဘတ်စ်ကားဂိတ်မှာ
ဘူတာရုံထဲတွေမှာ
လူတွေ တိုးဝှေ့နေကြပုံ
စိတ်တွေ တိုးဝှေ့နေကြ ။

မည်ရွေ့မည်မျှ ရောက်ခဲ့သည်မသိ
အခုအချိန်ထိ
လွတ်လွတ်ကျွတ်ကျွတ် ကပ်ပါလာတယ်ဆိုတဲ့အသိက
နှစ်ကိုယ်ပေါင်းမှ တစ် စိတ် ထဲရယ် ။ ။

Tuesday, 13 January 2009

ဂျလုန်း

ဂျလုန်းကို ဂျလုန်းလို့ခေါ်တယ်

ဂျလုန်းဟာ ဘယ်တော့မှ အိပ်ရာမသိမ်းဘူး

မနက်ဖြစ်ဖြစ် ညဖြစ်ဖြစ် အိပ်မိတဲ့ နေရာဟာ အိပ်ရာပဲ

ဂျလုန်းမှာ တိုးလိုးတွဲလောင်း ဖြစ်နေတဲ့

တစ်စစီ ပြန့်ကျဲနေတဲ့ အိပ်ရာတွေရှိတယ် ။


ဂျလုန်းမှာ စားစရာမရှိဘူး

ဂျလုန်းကို ကျွေးချင်မွေးချင်တဲ့သူတွေပေါတယ်

ဂျလုန်းက ဘယ်သူလိုချင်ချင် မလိုချင်ချင်

လိုအပ်မယ် ထင်တဲ့ အကူအညီတိုင်းကို အိတ်စိုက်ပေးတတ်တယ် ။


ဂျလုန်းဟာ ထူးခြားတဲ့ လူတစ်ယောက်ဖြစ်နေတယ်

ဂျလုန်းစိတ်ဟာ သာမာန်မဟုတ်တာသေချာတယ်

ဂျလုန်း တစ်နေရာရာကို ငေးနေပြီလား

ဂျလုန်း တစ်ယောက်ထဲ စကားပြောနေလား

ဂျလုန်း စွန်လွှတ်နေပြီလား

ဂျလုန်း ဂွေလိမ့်နေပြီလား

ဂျလုန်း ရေထမ်းနေသေးလား

ဂျလုန်း အုန်းပင်တက်နေတုံးလား

ဂျလုန်း ဆိုက္ကားနင်းတုံးလား

ဂျလုန်း လ္ဘက်ရည်ဆိုင်မှာပန်ကန်ဆေးနေလား

ဂျလုန်း အရင်ကလို ကမ်းနားမှာပဲ အလုပ်ဖြစ်နေသေးလား ။


ဂျလုန်းက သံယောဇဉ်ကင်းတယ်

ဂျလုန်းမှာ အပူအပင်မရှိဘူး

ဂျလုန်းဟာ ဘ၀ကို စောက်နက်နက်ထိရောက်အောင်တူးခဲ့ဖူးတဲ့တွင်းတူးသမား

ဂျလုန်းဟာ ဂုန်နီအိတ်ထက်နွေးတဲ့ စောင်မျိုးနဲ့

ဆောင်းတွင်းတစ်တွင်းကိုဖြတ်သန်းချင်သူ

ဂျလုန်းဟာ အုန်းသီးထဲကရေကို ဘယ်သူထည့်သွားလဲဆိုတာသိချင်တဲ့သူ ။


ဂျလုန်း ဘယ်ကလာလဲ ဘယ်သူမှမသိဘူး

ဂျလုန်းဘယ်ကိုသွားချင်နေလဲ ဘယ်သူမှမသိဘူး

အခုအချိန်ထိ ဒီရပ်ကွက်ထဲကလူတွေ

ဂျလုန်းဆိုတာ ဘယ်သူဘယ်ဝါမှန်းမသိကြပေမယ့်

ဂျလုန်းမရှိရင် မဖြစ်ဘူးဆိုတာကိုတော့ သိနေကြပုံပဲ ။ ။

Monday, 12 January 2009

ကမ္ဘာအတုထဲမှာ

ကမ္ဘာအတုထဲက မိန်းကလေးဟာ
ကမ္ဘာအတုထဲမှာ နေထိုင်တယ်
ကမ္ဘာအတုထဲက မိန်းကလေးဟာ
အတွေးအခေါ်တွေ ကျမ်းမာသန်စွမ်းတယ်
အရေးအသားတွေ အချိုးအစားပြေပြစ်တယ် ။

ကမ္ဘာအတုထဲက မိန်းကလေးဟာ
ကမ္ဘာအတုထဲမှာ ကောင်းကင်ကြီးကို ၀ှက်ထားတယ်
ကမ္ဘာအတုထဲက မိန်းကလေးဟာ
ဗိသုကာအနံ့အသက်တွေနဲ့ ထုံမွမ်းနေတယ်
ကမ္ဘာအတုထဲက မိန်းကလေးဟာ
ခင်မင်ဖော်ရွေတဲ့ ချစ်ခြင်းမေတ္တာ စစ်စစ်တွေကို
တစ်စက်ခြင်းစီ ယိုစိမ့်စေတယ် ။

ကမ္ဘာအတုထဲမှာ
ပုံတို ပတ်စ သမိုင်းကြောင်းတွေ အစီအရီ ရှိတယ်
နှလုံးသားနဲ့ သီဆိုရတဲ့ သီချင်းတွေ ရှိတယ် ။
ကမ္ဘာအတုထဲမှာ
သနပ်ခါးပန်းတွေ ပွင့်တယ်
လူသားစက်ရုပ်ကလေးတွေ လမ်းလျှောက်သင်တယ်
ကြွက်ကလေးတွေ တွင်းပိတ်ခံရတယ် ။

ကမ္ဘာအတုထဲမှာ
အပြာရောင် ကျောပိုးအိပ်တစ်လုံး ရှိတယ်
ဘာဘီနာရီ (၁) လုံးရှိတယ်
ပြတင်းပေါက်နဲ့ ပန်းချီကားတွေ ရှိတယ်
အိပ်မက် ၊ လူသားဘ၀နဲ့ အရောင်တွေ ရှိတယ်
ကမ္ဘာအတုထဲမှာ
ကျောက်ဆောင် ပင်လယ်နဲ့ မိန်းကလေး တစ်ယောက်လဲ ရှိသေးတယ် ။

ကမ္ဘာအတုဟာ
ခင်မင်ရင်းနှီးမှုတွေ
ကုန်တင်ကုန်ချ များတဲ့ ဆိပ်ကမ်းတစ်ခုဖြစ်တယ် ။ ။

ဘလော့ဂ်ရပ်ဝန်းလေးထဲမှ ကျွန်တော်တို့ရဲ့ ချစ်လှစွာသော အစ်မကြီးလေးမ ကြွက်ဂိုဏ်ချုပ်အတွက် မွေးနေ့လက်ဆောင်ကဗျာလေးပါ၊ အစ်မရင်းတစ်ယောက်လို လေးစားခင်မင်ဖို့ကောင်းပြီး ပျော်ပျော်နေတက်တဲ့ သူမအတွက် ကျနော်တို့ ညီကိုမောင်နှမတွေက ထူးထူးခြားခြားလေးဖြစ်အောင် စုပေါင်းရေးသားခဲ့ပါတယ် ။
ပျော်ရွှင်ကြည်နူးစရာ မွေးနေ့မင်္ဂလာလေး ဖြစ်ပါစေလို့ ကျွန်တော်တို့အားလုံးဆုတောင်းပေးပါတယ် :)
မောင်မျိုး ၊ ညိမ်းညို ၊ တင်ထူးရွှေ ၊ မွန် ၊ ရွှန်းမီ ။

မေမေ

တစ်ခြမ်းပဲ့လနဲ့ သားတို့ဘ၀တွေကို
အလင်းရောင်ပေးခဲ့
ဆည်းလည်းလိုချိုတဲ့သားတွေရဲ့အသံနဲ့
နားရည်ဝခဲ့ရတဲ့မေမေ
ပိုး ဆိုထက်သတ္တ၀ါထက်
သားတို့ရဲ့ ငယ်ဘ၀ကနုခဲ့ရပါတယ် မေမေ ။

အကာအကွယ်တွေမဲ့နေတဲ့ စစ်တလင်းထဲမှာ
မေမေဟာ အောင်နိုင်သူ စစ်သူကြီးလိုပဲ
ငါ့သားတွေ အားနဲ့ အရာရာကို နိုင်အောင်တိုက်မယ်ဟဲ့ ဆိုတဲ့စိတ်နဲ့
မေမေ ၀င်ခဲ့တဲ့ တိုက်ပွဲတိုင်းဟာအောင်နိုင်ခဲ့ပါတယ် မေမေ ။

မေမေစီးဆင်းခဲ့တဲ့ မေတ္တာစမ်းချောင်းလေးဟာ
ဘယ်လောက်တောင် ချိုမြလိုက်သလဲဆိုရင်
သားတို့ရဲ့ငယ်ဘ၀က တစ်ကယ့်ကို လိုတရလက်စွပ်ကလေးလို
အရောင်တွေတလက်လက်ထနေခဲ့ပါတယ် မေမေ ။

ဘယ်လောင်တောင် မေမေ ပေါင်းသင်ပေးလိုက်သလဲဆိုရင်
မေမေ့ရဲ့ မြေပြင်မှာ ဒဏ်ရာတွေဗရပွ ဖြစ်နေပေမယ့်
အပျံတတ်သွားတဲ့ ငှက်ကလေးတွေလိုပဲ
သားတို့ပါးကို ဖွဖွလေးပဲနမ်းရက်ခဲ့တယ်
မေမေ့မေတ္တာမှာ မြင်သာအောင် ရေးထိုးထားခဲ့ပေမယ့်
စကားလုံးတွေ မဲ့နေတယ် မေမေ
ဘယ်လိုစကားလုံး မျိုးနဲ့ မေမေ့မေတ္တာကို
ဖော်ကျူးပြရမလဲ မေမေ ။

နံရံတွေ အထပ်ထပ်ခြားလောက်အောင်
မေမေနဲ့ သားတို့ ဝေးနေပေမယ့်
နွေးထွေးတဲ့ မေမေ့လက်တစ်စုံက
သားဘေးနားမှာ အမြဲကျောသပ်ပေးနေသလို
ဖက်တွယ်စရာ မြက်တစ်ပင်တောင် ဆုပ်ကိုင်မရခဲ့တဲ့အချိန်
ပစ်ပေါက်ကြဲလိုက်တဲ့ မေမေ့ရဲ့စကားတစ်ခွန်းက
သားအတွက် အနာကျက်ဆေး
မေမေရဲ့ မေတ္တာလက်နက်က
အရာအားလုံးထက် ထက်မြပါတယ် မေမေ ။

Friday, 19 December 2008

မီးပုံးပျံ

အချိန်ပိုင်းဝေဒနာဟာ

မီးစာ မကုန်ခမ်းသရွေ့

စိတ်ရှိသလောက်

ပျံဝဲနိုင်ခဲ့တယ် ။ ။

Design by The Blogger Templates

Design by The Blogger Templates